|
|
 |
ပူဇော်မကုန် မြတ်ကဆုန် |
 |
|
|
| မုဒုံ ဆရာတော် |
ဘုန်းကြီး အင်္ဂလန်ကိုရောက်ခဲ့တာ သုံးနှစ်ကျော်လာလို့ လေးနှစ်ထဲ ၀င်လာခဲ့ပါပြီ။ အင်္ဂလန်နိုင်ငံ မြန်မာဘုန်းတော်ကြီးများ ဦးစီးကျင်းပ ပူဇော်တဲ့ ကဆုန်လပြည့် ပွဲတော်ကိုလဲ သုံးနှစ်ပါဝင် ဆောင်ရွက်ခဲ့ပြီးပါပြီ။ ယခုတကြိမ် လေးကြိမ်မြောက် ပါဝင်ခွင့် ဆောင်ရွက်ခွင့် ပူဇော်ခွင့် ရခဲ့သေးတာမို့ ဘုန်းကြီးနှင့် သက်ဆိုင်သူအားလုံး ကဆုန်လပြည့်ပွဲ ဦးစီး ကျင်းပတော်မူကြသည့် သံဃာတော်အားလုံး ပစ္စည်းလေးပါး ထောက်ပံ့ကြသည့် ဒါယကာ ဒါယိကာမ အားလုံးတို့အား အထူးကျေးဇူးတင်လျက်ရှိပါတယ်။
ယခုနှစ်မှာလဲ ကဆုန်လပြည့်နဲ့ ဆက်စပ်ပြီး စဉ်းစားမိတာကို တင်ပြချင်လို့ပါ။ နှစ်တနှစ်ရဲ့ တဆယ့်နှစ်လထဲမှာ ကဆုန်လဟာ အပူပြင်းဆုံး အခြောက်သွေ့ဆုံး လတလပါ။ အဲဒီ ကဆုန်လထဲမှာလဲ လပြည့်နေ့ဟာ အပူပြင်းဆုံး နေ့တနေ့ပါပဲ။ ဒီလမှ ဒီနေ့မှ မြတ်စွာဘုရား ပွင့်တော်မူခဲ့တာ တရားထူး ရတော်မူခဲ့တာ သတ္တလောကကြီး တခုလုံးအတွက် ထူးခြားမှုတော့ ရှိရပါမယ်လို့ စဉ်းစားမိလို့ပါ။
ကိလေသာ တရားတို့ဖြင့် လောင်မြိုက်ခံဘ၀ လောင်ကျွမ်း ပူလောင်နေကြတဲ့ သတ္တလောက ဒီကမ္ဘာကြီးမှာ ကိလေသာငြိမ်းကြောင်း အပူငြိမ်းကြောင်း တရားတွေ ပေးစွမ်းနှိုင်တဲ့ မြတ်စွာဘုရားတိုင်းဟာ ကဆုန်လနဲ့ ထိုလပြည့်မှာပဲ ထူးထူးခြားခြား ပွင့်တော်မူခဲ့ကြတာ အမှတ်ပြုစရာ အမှတ်ထားစရာ တခုပါ။
သတ္တ၀ါတို့၏ ကိလေသာ အပူမီးတွေကို တကယ်ငြိမ်းအောင် ငြိမ်းပေးနိုင်တဲ့ သဗ္ဗညုတ ဥာဏ်ရှင် ဘုရားရှင်တို့ ပွင့်ဖို့ရာ လွယ်ကူလှတာ မဟုတ်ကြောင်းကို “ ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော လောကသိံ္မ ” လို့ ဒေသနာတော်မှာ ပြတော်မူပါတယ်။
ဘုရားရှင်တို့ ပွင့်ပေါ်တော်မူပြီ ဆိုရင်လည်း၊ အတ္တတရားဖြင့် ကျဉ်းမြောင်းနေတဲ့ သတ္တလောကကြီး တခုလုံး၊ စကြာဝဠာရဲ့ အနားသတ်အထိ အနတ္တ တရားတို့နှင့်ကျယ်ပြန့် သွားပါတယ်။ မသိမှု အ၀ိဇ္ဇာ အမှောင်ထုကြီး ဖုံးကွယ်နေရာမှ ၀ိဇ္ဇာဓမ္မ အလင်းဓာတ်တွေ ပေါ်လာပါတယ်။ မသိသူတွေ သိကုန်ကြတယ်၊ မမြင်သူတွေ မြင်ကုန်ကြတယ်၊ မကြားသူတွေ ကြားကုန်ကြတယ်၊ ဆွံ့အသူတွေ စကားပြောလာကြတယ်၊ ဖုံးကွယ်နေတဲ့ အရာမှန်သမျှု ပေါ်လာကြတယ်။ သံယောဇဉ်များနှင့် အနှောင်ဖွဲ့ ခံနေရသူတွေ လွတ်မြောက်လာကြတယ်။ လောဘတရားနဲ့ ဆာလောင် ငတ်မွတ်နေကြသူတွေ ရောင့်ရဲခြင်းနှင့်အတူ ဆာလောင်ခြင်း ကင်းကုန်ကြတယ်။ ဆယ့်တစ်မီး လောင်ကျွမ်းနေသူတွေ ငြိမ်းကုန်ကြတယ်၊ ဒုဂ္ဂတိဘေးရန်ရှိသူတွေ ဘေးကင်းကုန်ကြတယ်၊ ကိလေသာ နူနာရှိသူတွေ ရောဂါ ပြောက်ကုန်ကြတယ်၊ အမျက်ဒေါသ လွှမ်းမိုးနေတဲ့ ကမ္ဘာလောကြီးမှာ အမုန်းတရာတွေ ပြေပြောက်ပြီး မေတ္တာတရားနဲ့ ကူညီ ရိုင်းပင်းလိုစိတ် စာနာထောက်ထား သနားကျင်နာစိတ် ဗြဟ္မ၀ိဟာရ အသီးအပွင့်တွေ ပွင့်လာ သီးလာကြတယ်၊ ပေါ်ပေါက်လာကြတယ်။ အတ္တမာန်တို့ဖြင့် ရိုင်းစိုင်းနေတဲ့ သက်ရှိသတ္တ၀ါတွေ ယဉ်ကျေးလာကြတယ်၊ လူသားကမ္ဘာရဲ့ အသိအမြင် ရသီဥတု မှန်ကန်လာတယ်၊ ကောင်းမှု မကောင်းမှု၊ အကြောင်းနဲ့အကျိုး၊ အကောင်းနဲ့အဆိုးကို ခွဲခြားနားလည် လာကြတယ်၊ လူပီသလာကြတယ်၊ သတ္တလောကကြီး တခုလုံး အမြင်မှန်တို့နှင့် နိုးကြားလာကြပါတယ်။
ကမ္ဘာလောကကြီး ဘယ်လောက်ပူပူ အပူလွန်ကဲလို့ သေသွားပါစေ တဘ၀ပဲရှိမှာပါ။ ကိလေသာ အပူနဲ့ သေသွားရင်တော့ နောက်ဘ၀ပါ ဆက်ပူရအုန်းမယ် ဆိုတာကိုတော့ တရားမဝေးကြသူများ ဖြစ်နေတာမို့ အထူးတင်ပြ ပေးစရာ လိုမယ်မဟုတ်ပါဘူး။ ရာသီဥတု ပူလွန်းလို့ ဘ၀ပျက်ရသူ အလွန်ရှားပေမဲ့ ကိလေသာ ပူလွန်းလို့ ဘ၀ပျက်ကြသူ များလှပါတယ်။ ရာသီရဲ့ အပူဒါဏ်ကို သိပ္ပံနည်းတွေနဲ့ ကာကွယ်နှိုင်ကြပေမဲ့ ကိလေသာရဲ့ အပူကိုတော့ ကာကွယ်နှိုင်စွမ်းအား မရှိပါဘူး။ ဒါ့ကြောင့်လဲ သိပ္ပံနည်းတွေနဲ့ ကာကွယ်လို့ မရနှိုင်တဲ့အပူကို ၀ိဇ္ဇာနည်းနဲ့ ကာကွယ်ဖို့ ငြိမ်းသတ်ဖို့ “ဗုဒ္ဓေါလောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ” ဒေသနာတော် အတိုင်း ဘုရားပွင့်ပေးရတာ ဖြစ်ပါတယ်။
ကမ္ဘာလောကကြီးကို ဖျက်ဆီးနိုင်တဲ့ ကမ္ဘာဖျက်မီးသည် အလွန်ပင် ပူပြင်းပါတယ်။ ယင်းထက် ကိလေသာမီးတို့က အဆပေါင်း ရာထောင်မက ပူပြင်းလွန်းတယ်လို့ ဘုရားရှင်တိုင်းက ဟောတော်မူခဲ့ကြတာပါ။ ကမ္ဘာကြီးကို ဖျက်ဆီးနိုင်တဲ့မီးဟာ ကမ္ဘာတခုမှာ တကြိမ်သာ ဖြစ်ပေါ်နိုင်ပေမဲ့ ကိလေသာမီးကတော့ မဆုံးနိုင်တဲ့ ဘ၀ခန္ဓာ စရလေတိုင်းက ဖြစ်ပေါ် လောင်ကျွမ်းနေတာ မျက်မှောက်ဘ၀ ယခုအချိန် အထိပါပဲ။ ဒီသဘောတွေလဲ စာဖတ်သူတို့ ကိုယ်တိုင်ခံစား တွေ့သိနားလည် နေကြပြီး ဖြစ်မှာပါ။
ဘုရားရှင်တို့၏ အမှန်တရားကို နာရကြားရဖို့မှာ အချိန် အခါဆိုတာ အလွန်ပင် တိုတောင်းလှပါတယ်။ နှစ်အရေအတွက်ဖြင့် လေးဆယ့်ငါးနှစ် အတိုင်းအတာသာ ရှိပါတယ်။ ဘုရားဖြစ်ဖို့ ကျင့်ကြံ ဖြည့်ဆည်း ရတာကတော့ စိတ်တော်ဖြင့် ဆုပန်လို့ ခုနှစ်သင်္ချေ၊ နှုတ်တော်ဖြင့် ဆုပန်လို့ ကိုးသင်္ချေ၊ ကိုယ်ရောနှုတ်ပါ ဆုပန်လို့ လေးသင်္ချေ ကမ္ဘာတစ်သိန်း၊ ပေါင်းလိုက်ရင် သင်္ချေနှစ်ဆယ် ကမ္ဘာတစ်သိန်း ကာလအတွင်းမှာ လူသာမန်တို့ ပြုနိုင်ရန် ခက်ခဲတဲ့ အပြစ်ကင်းသော ကာယကံမှု ၀စီကံမှု မနောကံမှုတို့ကို မိမိအတွက် ငဲ့ကွက်ခြင်း မရှိပါပဲ စီးစိမ်ဥစ္စာ အင်္ဂါခြေလက် အသက်သွေးတွေ ဘ၀နဲ့ဆက်ပြီး မရေတွက်နိုင်အောင် ပေးပြီးမှ ဖြည့်ဆည်းပြီးမှ၊ ပွင့်တော်မူကြတယ်လို့ မဟာဗုဒ္ဓ၀င်မှာ မိန့်ဆိုထားသမို့ ဘုရားရှင်တို့၏ ပေးဆပ်ရခြင်းနှင့် ရခဲ့သည့် ရလာဒ်သည် အလွန့်အလွန်ပင် ကွာခြားလှပါတယ်။
ဘယ်လိုပဲ ဖြစ်စေကာမူ သတ္တ၀ါ အားလုံးအပေါ် ထားတော်မူတဲ့ ဘုရားရှင်တို့၏ မေတ္တာတော် မဟာကရုဏာတော်သည် ကမ္ဘာ့ မြေသားထုထက်မက ထူထဲကြီးမားပြီး အာကာသ မိုးကောင်းကင်မက ကျယ်ပြန့်တော် မူလှတဲ့အတွက် လေးဆယ့် ငါးနှစ်သာမဟုတ် လေးဆယ့် ငါးရက်မျှသာ ရနိုင်မယ်ဆိုရင်လည်း ဤနည်းတူသာ ပါရမီတော်တို့ကို ဖြည့်ဆည်းသွားမည်မှာ အမှန်ပင်ဖြစ်ပါတယ်။
လူဟူသည် အတ္တဟိတ အတွက်သာ ကျင့်သုံးလျှင် အစွန်းရောက်သူသာ ဖြစ်ပါတယ်။ ပရဟိတ အတွက်သာ ကျင့်သုံးကလည်း အစွန်းရောက်သူသာ ခေါ်ထိုက်ပါတယ်။ အမှန်အားဖြင့် လူဟူသည် အတ္တဟိတကိုလည်း ကျင့်ရ၏၊ ပရဟိတကိုလည်း ကျင့်ရမည်သာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်တို့သည် အတ္တဟိတနှင့် ပရဟိတ နှစ်မျိုးလုံးကို ကျင့်သုံး ဆောင်ရွက်သော ပုဂ္ဂိုလ်မြတ်များသာ ဖြစ်ကြပါတယ်။ မြတ်စွာဘုရားရှင်တို့၏ ပါရမီ ကျင့်စဉ်များမှာလည်း အတ္တနှင့်ပရ နှစ်မျိုးလုံးကို မျှတစွာ ကျင့်သုံး ဆောင်ရွက်တော် မူခဲ့သည် ချည့်သာ ဖြစ်ကြပါတယ်။ ရတနသုတ်တော် နိဒါန်း၌ “ လောကတ္ထ စရိယံ’ ဥာတတ္ထ စရိယံ’ ဗုဒ္ဓတ္ထ စရိယန္တိ တိေဿာ စရိယာယော” ဟု မိန့်တော်မူသည်ကို ကြည့်ခြင်း အားဖြင့်လည်း သိနိုင်ကြပါတယ်။
ထိုအထက်ပါ အကြောင်းအရာတို့ကို ထင်ရှားခြင်း တစ်ခု ပြရပါလျှင် အလောင်းတော် သုမေဓာ ရသေ့ ကိုပင် ပြလိုပါတယ်။ ဂေါတမဘုရားရှင်၏ အလောင်းတော် သူမေဓာ ရှင်ရသေ့သည် မိမိအတွက်သာ ဘုရားဖြစ်ချင်၍ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့ခြင်း မဟုတ်ပဲ၊ ဝေနေယျ သတ္တ၀ါတို့အား သံသရာဒုက္ခမှ ကယ်တင် နိုင်စိမ့်သောငှာ ဘုရားဖြစ်ချင်၍ ပါရမီတော်များကို ဖြည့်ကျင့်ခြင်းသာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဆိုရပါလျှင် သုမေဓာ ရှင်ရသေ့သည် မိမိအတွက် ဘုရားဖြစ်လို၍ ပါရမီတော်များကို ဖြည့်ကျင့်ခြင်းမဟုတ်၊ လောကအတွက် ဘုရားဖြစ်လို၍ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ သုမေဓာ အလောင်းတော် ပါရမီများကို ဖြည့်ကျင့်ခဲ့ရာ၌ အနစ်နာခံခြင်းနှင့် သူ့အကျိုးကို ဆောင်ခြင်းမှတပါး အခြားသော တောင့်တမှုဟူ၍ ဘာတခုမျှ မရှိခဲ့။ အတ္တဟိတနှင့် ပရဟိတကို ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ အခြား တောင့်တချက် မပါခဲ့ပါဘူး။ အလောင်းတော်၏ ဆန္ဒမှာ လောကအတွက် အနစ်နာ ခံနိုင်ဖို့သာ ဖြစ်ပါတယ်။ နောက်တခုမှာ သူ့အကျိုးကို ဖြည့်ကျင့်ခြင်းသာ ဖြစ်ပါတယ်။ ဤဆန္ဒ နှစ်ရပ်ကို ရည်ရွယ်ပြီး ပါရမီတော်တို့ကို ဖြည့်ကျင့်ခြင်း ဖြစ်ပါတယ်။
နောက်ဆုံးဘ၀ သိဒ္ဓတ္ထမင်းသား ဖြစ်သောအခါ ဘ၀သည် ဘာမျှမဟုတ်ပါတကား ဟူ၍ ဘ၀၏ လျို့ဝှက်ချက်ကို မိမိကိုယ်တိုင်သိရန်၊ သူတပါးအား သိစေရန်အလို့ငှာ အမှန်တရားကို ရှာဖွေရန်အတွက် တောထွက်တော် မူခဲ့ပါတယ်။ ထိုစဉ်ကာလက သစ္စဥာဏ်ကို ရသူများဟု ကျော်ကြားသော အာဠာရ ကာလာမ ရသေ့ကြီး ထံသို့၎င်း၊ ဥဒက ရာမပုတ္တ ရသေ့ကြီး ထံသို့၎င်း ချဉ်းကပ်ပြီး မျှော်လင့်ချက်တို့ဖြင့် လွှမ်းခြုံထားသော သောကရုပ်တု ဘ၀အစုတို့၏ လျို့ဝှက်ချက်ကို မေးပါတယ်။ အမေးက တခြား၊ အဖြေက တခြားသာ ဖြစ်လို့မို့ ကျေနပ်မှု မရပဲ ဖြစ်နေပါတယ်။
ဘ၀မှ လွတ်မြောက်မှု ပရမတ္ထ သစ္စာကို သိရန် ရယူနိုင်ရန် မည်သူ့ကိုမှ ဆရာ မတင်တော့ပဲ၊ ဥရုဝေလ တောသို့ ၀င်လျက် လောကသုံးပါးတွင် မည်သူတဦး တစ်ယောက်မှ မကျင့်ဝံ့ မကြံစည်ရဲတဲ့ အကျင့်ကို အစားအစာ မစားပဲ ခြောက်နှစ်တာ ကာလပတ်လုံး ရှာဖွေ ကျင့်သုံးတော်မူခဲ့ပါတယ်။ ဘ၀မှ လွတ်မြောက်မှု ပရမတ္ထ သစ္စာကို အပထား၊ စိတ်၏ငြိမ်းချမ်းမှု တရားကိုသော်မှ မရရှိခဲ့တဲ့အတွက် ငါကျင့်လာခဲ့သော တရားသည်ကား အင်အားနဲရုံမှတပါး အခြားမရှိ အတ္တကိလမထ နုယောဂ အကျင့်သာလျှင် ဖြစ်တယ်လို့ သိတော် မြင်တော်မူ၍ ထို အကျင့်ကို ပါယ်စွန့်ပြီး ခန္ဓာကိုယ် မျှတရုံ အစားအစာကို စားတော်မူလျက် ယခင် ရရှိထားဘူးသော ဈာန်တရားကို ၀င်စား တော်မူပါတယ်။
ထို့နောက် ဥရုဝေလတောမှ ဗုဒ္ဓဂယာသို့ ကြွတော်မူပြီးလျှင် ဗောဓိညောင်ပင်ရင်း၌ ထက်ဝယ်ဘွဲ့ခွေ ထိုင်တော်မူပါတယ်။ ဘုရားရှင် ထိုင်တော်မူချိန်ဟာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့ ညနေချမ်း အချိန်ဖြစ်ပါတယ်။ အဲဒီနောက် အာနာပါန စတုတ္ထဈာန်ကို ၀င်စားတော်မူကာ “ ငါ၏ အရေ၊ အကြော၊ အရိုးတို့သာ ကြွင်းကျန်လျှင် ကြွင်းကျန်ပါစေ၊ အသွေး အသားတို့ ခန်းခြောက်လျှင် ခန်းခြောက် သွားပါစေ၊ ငါသည် ဘုရားမဖြစ်သေးသမျှ ဤထက်ဝယ်ဘွဲ့ခွေ နေခြင်းကို မဖျက်တော့အံ့ ” ဟု အဓိဋ္ဌာန်တော်မူခဲ့ပါတယ်။
အဓိဋ္ဌာန်တော်မူပြီး အာနာပါန စတုတ္ထဈာန်ကိုပင် ဆက်လက် ၀င်စားတော်၍ နေမ၀င်မီ မာန်နတ်မင်းကို အောင်မြင်တော်မူပါတယ်။ ညဥ့်ဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိ ဥာဏ်တော်ကို ရရှိပြီး ထိုဥာဏ်ဖြင့်ပင် ဒိဋ္ဌိဝိသုဒ္ဓိကို ရတော်မူပါတယ်။ ဒိဋ္ဌိဝိသုဒ္ဓိကို ရသောအခါ နာမ်နှင့်ရုပ်ကို ခွဲခြား၍ သိတော်မူသော နာမရူပ ပရိစ္ဆေဒဥာဏ်ကို ရတော်မူပါတယ်။
သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဥာဏ်တော်ကို ရပြီး ထိုဥာဏ်တော်ဖြင့် ကင်္ခါဝိတရဏ ၀ိသုဒ္ဓိကို ရတော်မူပါတယ်။ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိကို ရသောအခါ နာမ်ရုပ်တို့၏ အကြောင်းကိုခွဲခြား၍ သိတော်မူသော ပစ္စယပရိဂ္ဂဟဥာဏ်ကို ရတော်မူပါတယ်။
မိုးသောက်ယံ၌ နာမ်ရုပ်တို့ကို ၀ိပဿနာရှုရာမှ အာသ၀က္ခယဥာဏ်ခေါ် အရဟတ္တမဂ်ဥာဏ်ကို ရတော်မူပါတယ်။ အရဟတ္တမဂ်ဥာဏ်ကို ရတော်မူသည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဥာဏ်တော်ကို ရပြီး လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူခဲ့ပါတယ်။
ထို့ကြောင့် သတ္တ၀ါတို့၏ ကိလေသာ အပူမီးတွေကို တကယ်ငြိမ်းအောင် ငြိမ်းပေးနိုင်တဲ့ သဗ္ဗညုတ ဥာဏ်ရှင် ဘုရားရှင်တို့ လောကမှာ တစ်ဆူတစ်ဆူ ပွင့်တော်မူပြီ ဆိုပါလျှင်လည်း ဝေနေယျ သတ္တ၀ါပေါင်း မြောက်များစွာ ကျွတ်တန်း ၀င်ကြတာမို့ ဘုရားရှင်တို့ ပွင့်တော်မူခဲ့ရာ ကဆုန်လပြည့်နေ့ဟာ အလွန်ပင် မြင့်မြတ်တဲ့ နေ့တနေ့သာ ဖြစ်ကြောင်းကို သိကောင်းစရာ ပါလားလို့ တွေးမိပြီး ရေးသား တင်ပြရခြင်းသာ ဖြစ်ပါတယ်။
“ဘုရားရှင်တော် မပွင့်ပေါ်လျှင် လူတော်အများ စိတ်ကောင်းထားလည်း ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ များလှအပြစ်တွေ၊ ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖေါ်ညွှန်ကြား မြတ်တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ သိကြရ များလှကျေးဇူးတွေ”
တောင်မြို့ ဂန္ဓာရုံ ဆရာတော်ဘုရားကြီး မိန့်မြွက် ရေးသားတော်မူခဲ့တဲ့ ဘ၀အသိအမြင် ဓမ္မစာစုဖြင့်ပင် ယခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ပူဇော်ကန်တော့ လိုက်ပါသည်။
မုဒုံ ဆရာတော်
|
|
|
|
|
 |
|
 |
|
|
|
|