ဗုဒ္ဓသာသနံစိရံတိဋ္ဌထု
လန်ဒန်ဝိဟာရ
သီတင်းသုံးသံဃာတော်များ
ဝိဟာရ၏နောက်ခံသမိုင်း
ဝိဟာရ၏တည်နေရာ
ဝိဟာရ၏ အကျိုးဆောင်များ
ဝိဟာရသို့ ဆက်သွယ်ရန်
အလှူဒါနပြုကြသူငါ
ဆွမ်းဆက်ကပ် လှူဒါန်းသူများ
ပစ္စည်းလေးပါးအလှူရှင်များ
ဝိဟာရပြုပြင်ရန်အလှူရှင်များ
ဝါဆိုသင်္ကန်းအလှူရှင်များ
ကထိန်သင်္ကန်းအလှူရှင်များ
စိတ်ဝင်စားစရာ
ဓမ္မစာစောင်များ
တရားတော်များနာယူရန်
ရုပ်မြင်သံကြားတရားတော်များ
ဝိဟာရ၏ဓါတ်ပုံမှတ်တမ်းများ
ဝိဟာရ၏ဗီဒီယိုမှတ်တမ်းများ
ရက်ရာဇာပြဿဒါးပြက္ခဒိန်
ငြိမ်းချမ်းခြင်းရသ
အရှင်ဉာဏိကာဘိဝံသ
Click here to Download/Print Out
အခြားနေရာတွေမှာ ထိုက်သင့်သလောက် ကြိုတင်လုပ်တတ်တဲ့ အလေ့ရှိပေမယ့် ကျောင်းစာနဲ့ ပတ်သက်ရင် တော့ ကိုယ်က တကယ့်ကို နောက်ဆုံးအချိန်မှ ကပ်လုပ်တတ်တဲ့သူ (Last Minute Person)။ တိုင်းကာတိကာ အချိန်ကိုတွက်ချက်ချန်ထားပြီးမှ လုပ်လေ့ရှိသူ။ ဒီအလေ့ကြောင့် အတန်ငယ် စိတ်ကသိကအောက်ဖြစ်ရတဲ့ အကြိမ်ပေါင်းလည်း မနည်းတော့။ နောက်ဆုံးမှကပ်ပြီး ဖတ်စရာရှိတာဖတ်ဖို့ လျာထားတဲ့အချိန်ကို အခြား အကြောင်းတစ်ခုက အမှတ်မထင်ဝင်လာလို့ ပေးလိုက်ရတဲ့အခါမျိုးမှာ ဒီလို စိတ်ကသိကအောက်ဖြစ်ရတာမျိုး ကြုံတတ်ပါတယ်။ ကိုယ်လျာတဲ့အချိန်လေးအတွင်း ထလုပ်လိုက်ရတဲ့ အခြားအလုပ်က အရေးပါတဲ့ အလုပ်မျိုး ဆိုလျင်တော့ သိပ်မဆိုးလှပါဘူး။ လုပ်လိုက်ရတဲ့အလုပ်က အရေးမကြီးတာမျိုးဖြစ်ခဲ့လျင် ပိုပြီးစိတ်ကသိ ကအောက်ဖြစ်တတ်ပါတယ်။ တခါခါမှာတော့ အရေးမကြီးဘူးထင်ထားတဲ့ အဲဒီကျောင်းစာကပဲ နောက်ဆုံး အချိန်ရောက်နေပြီမို့ မဖြစ်မနေ လုပ်ရပြန်လို့ အသစ်ပေါ်လာတဲ့ အရေးကြီးအလုပ် လုပ်ခွင့်မသာအောင် တား ဆီးထားသလိုလည်း ဖြစ်တတ်ပါတယ်။
ကျောင်းစာကလွဲရင် အချိန်မဆိုင်းပဲ စာမရွေး အကုန်လုံးစိတ်ပါလက်ပါ ဖတ်တတ်တဲ့ကိုယ်က ကျောင်းစာကို တော့ နောက်ဆုံးမှ မဖြစ်မနေ ဖတ်တတ်ပါတယ်။ ခုလိုနောက်ဆုံးအချိန်မှ ကပ်ဖတ်၊ ကပ်ရေးလုပ်နေပေမယ့်လဲ ခုတိုင်ကျောင်းစာတွေကို စိတ်မပါပေမယ့် သည်းခံဖတ်ကာ ကျောင်းတက်နေနိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး အံ့သြရမလိုလို။ ဒါကိုယ်က ကိုယ့်ကိုယ်ကို မသိမသာ ပြန်လည်ဆင်ခြေပေးနေတဲ့ အချက်တစ်ခုလည်းပဲ ဖြစ်နေ လားမှ မသိတာ။ သေချာတာကတော့ နောက်ဆုံးမိနစ်သမား၊ အချိန်ဆိုင်းသမားဆိုတာ မကောင်းတဲ့ အလေ့ စရိုက်ရှိသူဆိုတာပါပဲ။
ဒီနေ့ပဲ နွေဦးကြိုကျောင်းပိတ်ချိန် (Spring break) စတယ်။ ကျောင်းမပိတ်မီမှာ ရှိသမျှအတန်းအားလုံးနီးပါးက စာမေးပွဲအသီးသီးပြုလုပ်တယ်။ စာသင်ရာသီရဲ့အလယ်မှာ ရေးရမယ့်စာတန်းတွေ။ အက်ဆေးတွေအားလုံး လည်း စပရင်းကျောင်းပိတ်ချိန်မရောက်မီမှာ အပြီးရေးရတယ်။ ဒီတော့ ကျောင်းစာနဲ့ပတ်သက်လာရင် ကြိုကြို တင်တင် မလုပ်တတ်တဲ့ ကိုယ့်အဖို့ ပြီးခဲ့တဲ့ တစ်ပတ်လုံးက အလုပ်ရှုပ်ချိန်။ ရေးစရာရှိတာတွေ အမြန်ရေး၊ ဖတ် စရာရှိတာတွေ အပြီးဖတ်နဲ့ဆိုတော့ တော်တော်လေးအလုပ်များသွားတယ်။ ပုံမှန်လုပ်ရမှာထက် ကိုယ်အားစိတ် အား နှစ်ဆပိုစိုက်လိုက်ရလို့လည်း ပိုပြီးပင်ပန်းပါတယ်။
စောစောပိုင်းကတော့ ဘယ်အက်ဆေးကို ဘယ်လောက်အချိန်ပေးရေးမယ်။ ဘယ်သင်္ခန်းစာစာအုပ်ကို ဘယ် လောက်ကြာကြာ အချိန်ယူဖတ်မယ်လို့ ကိုယ့်စိတ်ကူးနဲ့ကို ဟုတ်နေခဲ့တာ။ ဒီအထဲမှာ ကိုယ့်အချိန်တွေကို မထင်မှတ်တဲ့နေရာတွေအတွက် ခွဲပေးလိုက်ရတော့ အချိန်က မလောက်တော့ဘူး။ စာမေးပွဲနဲ့ နဖူးတွေ့ ဒူးတွေ့တွေ့ကာမှ ဖုတ်ပူမီးတိုက်၊ အရူးမီးဝိုင်း၊ ခွေးဆွဲ ကျားလိုက်၊ ဟိုမနိုင် ဒီမပိုင်။ တော်သေးတယ်။ ခုကိုယ် သင်နေတဲ့ ကျောင်းစာဆိုတာက ကိုယ့်ဘ၀အတွက် အရေးကြီးတဲ့အရာ မဟုတ်ပေလို့သာပေါ့။ ဘ၀အတွက် အရေးကြီးတဲ့အရာမျိုးကိုသာ အချိန်နီးကပ်ကာမှ ခုလို ရေးကြီးသုတ်ပျာ လုပ်ရမယ်ဆိုလျင်ဖြင့် လွယ်ကူမယ် မဟုတ်ပေးဘူးလို့ တွေးမိပါတယ်။
နေရာတိုင်းမှာ မထင်မှတ်တဲ့၊ ကြိုတင်တွက်ဆလို့ မရနိုင်တဲ့ အကြောင်းအရာတွေက ပေါ်လာတတ်တာမျိုး။ နောက်ပြီး ကြိုတင်တွက်ဆထားတဲ့အတိုင်း အရာအားလုံး တသဝေမတိမ်း ဖြစ်လာမယ်လို့ ပြောဖို့ကလည်း လုံးဝ ဖြစ်နိုင်တာမျိုး မဟုတ်ဘူးလေ။ ဒါကြောင့်လည်း အမြော်အမြင်ရှိတဲ့ စီမံကိန်းဆွဲသူ ပညာရှင်အများက တွက်ဆတဲ့အတိုင်း ဖြစ်မလာခဲ့လျင် အခြားသင့်တင့်တဲ့နည်းလမ်းကို ရွေးချယ်နိုင်ဖို့ ဒုတိယနည်းလမ်းကို ကြို တင်ရေးဆွဲထားတတ်ကြတာပဲ ဖြစ်မှာပေါ့။
ဘ၀မှာက အရေးကြီးတယ်လို့ဆိုလျင်လည်း ကြီးစရာတွေများသလို အရေးမကြီးဘူးဆိုလျင်လည်း မရေးကြီး ဘူးလို့ ဆိုနိုင်တာတွေက အများကြီး။ တစ်ဦးအတွက် အရေးအကြီးဆုံးအရာက အခြားတစ်ဦးအတွက် အရေး မကြီးတဲ့အရာ ဖြစ်နိုင်တတ်တာ။ တစ်ဦးအတွက် အသက်ရှင်နေသန်ရေးက အရေးကြီးသလို အခြားတစ်ဦး အတွက်တော့ အသက်ရှင်မှုကို အရင်းပြုလို့ အခြားအရေးကြီးတယ်လို့ သတ်မှတ်ထားတဲ့အရာအတွက် အသက် ကိုပင် စွန့်လွှတ်စတေးတတ်ကြတာမျိုးလည်း ရှိပြန်တယ်။ ခံယူချက်အပေါ်၊ ယုံကြည်မှုအပေါ် အခြေခံလို့၊ စွန့် လွှတ်စွန့်စားမှု၊ ပိုင်ဆိုင်ရယူလိုမှုကိုလိုက်လို့ အရေးကြီးမှု မရေးကြီးမှုဆိုတာက ကွဲသွားတတ်တာမျိုး။
ဘာပဲဖြစ်ဖြစ် ကိုယ့်အနေနဲ့ ဘယ်လိုပင် အရေးမကြီးဘူးလို့ပဲ သတ်မှတ်ထားထား၊ အများနဲ့ဆက်စပ်နေတဲ့ အရာမျိုးမှာဆိုလျင်ဖြင့် ဘယ်တော့မှ အချိန်ဆွဲတာ၊ နောက်ရွှေ့ဆိုင်းတာမျိုး မလုပ်သင့်ဘူးလို့ ခံယူမိပါတယ်။ ကိုယ့်အတွက် အရေးမပါဘူးလို့ထင်တဲ့အရာက အခြားသူအတွက် အလွန်အရေးကြီးတာမျိုး ဖြစ်နိုင်တယ်လေ။ အရေးကြီးတဲ့အရာမျိုးက ကိုယ်တဦးထဲနဲ့ပဲဆိုင်တာမို့ အချိန်ဆွဲနေတာက ကိုယ်တစ်ဦးထဲအတွက်သာ ထိခိုက် မှာ။ အများနဲ့ဆိုင်တဲ့နေရာမျိုးမှာ အချိန်ဆွဲ၊ အချိန်လွှဲခဲ့လျင် ထိခိုက်နစ်နာဖွယ်တွေက အများကြီး။ ဒါကြောင့် ကိုယ့်ရဲ့ပျင်းရိမှု၊ ကိုယ့်ရဲ့မုန်းတီးမှု၊ ကိုယ့်ရဲ့အလိုကြီးမှု၊ ကိုယ့်ရဲ့အတ္တကြီးမားမှုစတဲ့အကြောင်းများကြောင့် ဘယ် အရာကိုမှ အချိန်မဆွဲသင့်ဘူးလို့ ယုံကြည်မိတယ်။ ကိုယ့်ရဲ့မလိုအပ်ပဲ အချိန်ဆွဲမှု၊ နောက်ကျတတ်မှုကြောင့် အခြားဘယ်သူတွေကိုများ ထိခိုက်နစ်နာမှု ဖြစ်ခဲ့လေပြီလဲလို့လည်း စဉ်းစားဖို့သင့်ပါတယ်။
နေဖို့အရေးမှသာ အရေးကြီးတာလားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ သေဖို့အရေးမှာလည်း အရေးကြီးတာတွေ ရှိတာပဲ။ ဘ၀က ဒီတစ်ဘထဲနဲ့ ပြီးဆုံးသွားမှာမျိုး မဟုတ်ဘူးလေ။ ထားလိုက်ပါဦး။ နောက်ဘ၀ဆိုတာက ထင် ထားသလို အဝေးကြီးမှာ။ တကယ်တော့ ဒါက တကယ့်အနီးဆုံးအရာတစ်ခုလည်း ဖြစ်နိုင်တာပါ။ ဒီဘ၀ အတွက်မှာကိုပဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မျိုးကို ဘာဘာညာညာ အကြောင်းပြကာ အချိန်ဆွဲနေတာမျိုးကို ဘယ်ပညာရှိ က၀ိတစ်ဦးကမှ အားမပေးပါဘူး။ ဗုဒ္ဓကတော့-
အဇ္ဇေ၀ ကိစ္စ မာတပ္ပံ ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန ၊ မဟာသေနေန မစ္စုနာ။
ကောင်းမှုကောင်းရာ လုပ်သင့်လုပ်ထိုက်တာကို အချိန်နာရီ နေ့ရက်လ ဆိုင်းရွှေ့မနေပဲ ခုချက်ခြင်းလုပ်လိုက်ပါ။ ဘယ်နေ့မှာ ဘာဖြစ်လာမယ်၊ ဘယ်အချိန်မှာဖြင့် သေရမယ်ရယ်လို့ တင်ကြိုတွက်ဆလို့ ရတာမျိုး မဟုတ်ဘူး။ တစ်ဦးတစ်ယောက်နဲ့မှလည်း ချိန်းချက်ထားတာမျိုး မရှိဘူးလို့ မိန့်ပါတယ်။ ဒါက တရားသံပါနေပေမယ့် လော ကထဲက လွတ်မြောက်ရေးအတွက် ကျင့်ကြံတဲ့ တရားကျင့်တဲ့ နေရာမှာသာ သုံးရမှာမျိုးမှ မဟုတ်တာ။ ကိုယ့် ဘ၀အတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ်နေထိုင်ရာ ကမ္ဘာလောကကြီး ကောင်းကျိုးအတွက် လောက ထဲမှာ သင့်တင့်ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက်လည်း စံတစ်ခုအနေနဲ့ ချသုံးရမှာမျိုး။ တကယ်တော့ လူသား ဘ၀ရဲ့ နေ့စဉ်သွားလာလှုပ်ရှားနေမှုကိုက သဘာဝ တရားတစ်ခုပဲလေ။ တရားဆိုတာ တရားဖို့အတွက်၊ တရား အတွက်ပဲဟာ။
ကျောင်းစာမှာ နောက်ဆုံးအချိန်မှ ကပ်လုပ်တတ်တဲ့ ကိုယ့်ရဲ့အကျင့်မျိုးကို ဘယ်နေရာမျိုးအတွက်၊ ဘယ်အချိန် မျိုး အတွက်ရယ်မှ၊ ဘယ်လိုဆင်ခြေမျိုးနဲ့မှ လက်သင့်မခံသင့်ပါဘူး။ အထူးသဖြင့် ဘ၀အတွက် အရေးကြီးဆုံး အရာမျိုးကို ခုလိုပဲ နောက်ဆုံးအချိန်အထိ အချိန်ဆွဲထားခဲ့လို့ ကပျာကယာ လုပ်ရမယ်ဆိုလျင် ကိုယ်လုပ်ချင်တဲ့ အလုပ်က ကောင်းကောင်းမွန်မွန် ပြီးနိုင်ပါဦးမလား။ မပြီးနိုင်လို့ ပူပင်ကြောင့်ကြဖြစ်ရပြီဆိုလျင်ဖြင့်၊ ကြောင့်ကြ ပူပင်စွာ နေထိုင်ရှင်သန်ရတဲ့ ဘ၀ဆိုတာ တခဏလေးမျှပင်ဖြစ်ပစေဦးတော့ ပင်ပန်းဆင်းရဲလွန်းလှတာမျိုးပါ။ ဘယ်အရာတွေ ဘယ်လိုပြည့်စုံစေဦးတော့၊ ဘယ်မှာလာလို့ ငြိမ်းချမ်းတဲ့ ရသကိုခံစားနိုင်ပါ့မလဲ။
လုပ်သင့်လုပ်ထိုက်ပါလျက် လက်ငင်းလုပ်ရမှာမျိုးကို မလုပ်ပဲ ကိုယ့်စိတ်ကို အလိုလိုက်လို့ အခြားသာယာဖွယ်၊ ကျေနပ်ဖွယ် အာရုံတခုခုကို ရှာဖွေအစားထိုးနေခြင်းဟာ မှန်ကန်တဲ့နည်းလမ်းတစ်ခု ဟုတ်မယ်မထင်ပါဘူး။ ငြိမ်းချမ်းမှုထာဝစဉ် ရလဒ်ကောင်းအတွက် သာယာမှု တဒင်္ဂခံစားမှုမျိုးနဲ့ အစားထိုးလဲလှယ်သင့်မယ်လို့လည်း မ ထင်ပါဘူး။ တကယ်တော့ ဝေဒယိတသုခ-ခံစားခြင်းကြောင့် ရရှိတဲ့ချမ်းသာဆိုတာ သန္တိသုခ-ငြိမ်ချမ်းခြင်း ကြောင့် ရရှိတဲ့ချမ်းသာနဲ့ နှိုင်းစာလိုက်ရင် အလွန့်အလွန်မှ တန်ဖိုးအရည်အသွေး နိမ့်လှတာမျိုး။ ခံစားမှုချမ်း သာက ပိုင်ဆိုင်လိုမှု၊ ရယူလိုမှုနဲ့ ယှဉ်တွဲလျက်။ ငြိမ်းချမ်းမှုချမ်းသာက စွန့်လွှတ်မှု၊ ပေးဆပ်မှုနဲ့အတူ။ သူရဲ ကောင်းစိတ်ဓာတ်ဆိုတာက ဝေဒယိတသုခကို အမွှန်းတင်လွန်းသူတွေထံမှာ ရှိနိုင်ခဲတာမျိုးလေ။ သန္တိသုခ-ငြိမ်း ချမ်းမှုချမ်းသာဆိုတာကတော့ စွန့်လွှတ်စွန့်စားစိတ်ရှိတဲ့ သူရဲကောင်းတွေရဲ့ နှစ်လုံးသားမှာသာ ပေါက်ဖွားရှင် သန်နိုင်တာမျိုး။ အားလုံးငြိမ်းချမ်းမှုအလှ၊ ငြိမ်းချမ်းခြင်းရသကို ညီတူမျှ ခံစားနိုင်ဖို့ဆိုလျင်ဖြင့် ရဲရင့်ယုံကြည် မြတ်နိုးစွာ အားလုံးပဲ ၀ိုင်းဝန်းကြိုးစားဖို့လိုမှာပါ။ ။
Click here to Download/Print Out
ဓမ္မစာစောင်များ
ပူဇော်မကုန် မြတ်ကဆုန်
မျက်မှောက်ခေတ် သာသနာရေး အခြေအနေ
သွားမလား နားမလား?
ဝိဟာရ ဓမ္မစာစောင် အတွဲအမှတ် ၁၈
ဝိဟာရ ဓမ္မစာစောင် အတွဲအမှတ် ၁၆
ဓမ္မစာစောင်များအပြည်.အစုံသို.
ဓမ္မကဗျာများ
ကျောင်းအဆောက်အဦအလှူ အကျိုးတရားများ
ကထိန်သင်္ကန်းအလှူ အကျိုးတရားများ
ဆွမ်းအလှူ အကျိုးတရားများ
ဓမ္မကဗျာများအပြည်.အစုံသို.
အခြားဖတ်စရာမှတ်စရာများ
အင်္ဂလန်ခရီး မပြီးသေးပါ (၂၃)
မွေးနေ့မှာ ပေးဖြစ်တဲ့ ကံလက်ဆောင် (၂)
ကွန်ပြူတာ၊ ကီးဘုဒ်နှင့် ကြောင်းကျိုးဆက် သဘောတရား
တံခါးဝက တရားပြတဲ့ ဂုဏ်ပြုမှတ်တမ်း
ငြိမ်းချမ်းခြင်းရသ
ဖတ်စရာများအပြည်.အစုံသို.
လန်ဒန်ဝိဟာရ၏ အင်တာနက်စာမျက်နှာများကို
အမေ့အိမ် (မြန်မာအစားအစာ)
မိသားစုမှ ဖန်တီးလှူဒါန်းပါသည်။
ရရှိသမျှ ကုသိုလ်အဖို့ ကို သြဂုတ်လ ၆ ရက်၊ ၂၀၀၁ နေ့ တွင်ကွယ်လွန်သွားခဲ့သော အမေ့အိမ်၏မိခင်ကြီး ဒေါ်ခင်သန်းနွဲ့ အတွက်ရည်စူးအမျှ ပေးဝေပါသည်။
Copyright © 2010 LONDON VIHARA™ REGISTERED CHARITY NUMBER 284619